နောက်ခံသမိုင်း

 

နောက်ခံသမိုင်း

ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ ဉပဒေအမှတ်(၁၀)ဖြင့် ပြဌာန်းခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၀၁၈/၂၀၁၇) ဖြင့် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အား ဥပဒေပြဌာန်းချက် ပုဒ်မ ၆ နှင့် ၇ ပါ တာဝန်နှင့်လုပ်ပိုင်ခွင့်များအရ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု ဥပဒေ ဆိုင်ရာအထောက် အကူပေးရေးအဖွဲ့ရုံး အား ၂၀၁၈ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ တိုင်းဒေသကြီးနှင့်ပြည်နယ် များတွင် ရုံးခွဲများဖွင့်လှစ်၍ ဥပဒေဆိုင်ရာအထောက်အကူပေးရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက် ရှိပါသည်။

မြန်မာနိုင်ငံတွင် ဥပဒေဆိုင်ရာအထောက်အကူပြုရေးစနစ် စတင်ပေါ်ပေါက်လာသည့် သမိုင်းကြောင်း

 

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ရန်ကုန်မြို့၍ တရားဥပဒေစိုးမိုးရေးအထောက်အကူပြု အလုပ်ရုံ ဆွေးနွေးပွဲကျင်းပခဲ့ပါသည်။ ယင်းဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုမြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် (၂၃-၆-၂၀၁၂ မှ ၃၀-၆-၂၀၁၂)ထိ တောင်အာဖရိကနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ ကြပါသည်။

ခရီးစဉ်၏ ရည်ရွယ်ချက်မှာ တောင်အာဖရိကရှိ ဥပဒေအထောက်အကူပြုရေးစနစ်အား လေ့လာ ရန်နှင့် မြန်မာနိုင်ငံအတွက် လိုက်လျောညီထွေမည့်စနစ်များ၊ စီမံခန့်ခွဲမှုနှင့် ဆောင်ရွက်ပုံနည်း စနစ်များ ကို လေ့လာသုံးသပ်ကြရန် ရည်ရွယ်ကြောင်းတွေ့ရှိရပါသည်။

 

ပါဝင်ကြသူများ

 

ကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ် ရုံး၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် အရှေ့တောင် အာရှဥပဒေအထောက် အကူပြု ကွန်ယက် (SEALAW) တို့မှ ကိုယ်စားလှယ်တော်များ ပါဝင်ကြပါသည်။

 

ကမကထပြုသူများ

 

အဆိုပါခရီးစဉ်တွင် ဥပဒေအထောက်အကူပြုစနစ်နှင့် ပတ်သက်၍ ကမ္ဘာ့အထင်ကရ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် (Kwazulu-Natal) တက္ကသိုလ်မှ ပါမောက္ခ David Mc Quoid-Masonက ဦးဆောင်ခဲ့ပြီး အရှေ့တောင် အာရှဥပဒေအထောက်အကူပြုအဖွဲ့က ကမကထပြု၍ထောက်ပံ့ပေးခဲ့ပါ သည်။

 

ခရီးစဉ်လေ့လာတွေ့ရှိမှု

 

မြန်မာကိုယ်စားလှယ်အဖွဲ့ခရီးစဉ်အတွင်း အစိုးရမဟုတ်သည့် ဥပဒေအထောက်အကူပြု အဖွဲ့အစည်းများ၊ တက္ကသိုလ်ဥပဒေလက်တွေ့လေ့ကျင့်ရေးရုံး၊ ဒေသခံရုံးခွဲငယ်များ၊ တရားမျှတမှု စင်တာတို့၏ လုပ်ငန်းဆောင်ရွက်နေကြပုံများကို သွားရောက်လေ့လာခွင့် ရရှိခဲ့ကြသည်။ ဝေးလံ ခေါင်ဖျားသည့်ဒေသမှ ဆင်းရဲသားရပ်ကွက်များရှိ တရားရုံး၊ ဒေသခံရုံးခွဲငယ်များနှင့် ရဲစခန်းများကို လေ့လာခဲ့ကြသည်။

 

ဆွေးနွေးခြင်း

 

ထို့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တောင်အာဖရိကနိုင်ငံရှိ တရားသူကြီးများ၊ တရားလွှတ်တော်ရှေ့နေများ၊ ရှေ့နေများ၊ ဥပဒေအထောက်အကူပြုသူများ၊ အုပ်ချုပ်ရေးဆိုင်ရာ အရာထမ်းများအား တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့ကြသည့်အပြင် ၎င်းတို့၏ နေရာတကျ ထိရောက်သည့် စနစ်နှင့် အုပ်ချုပ်ရေးစနစ်တို့ကိုလည်း လေ့လာခွင့်ရရှိခဲ့ကြသည်။

 

ဥပဒေပြဋ္ဌာန်းခြင်း

 

ယနေ့ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများတွင် ဆင်းရဲနွမ်းပါးသူများအား ဥပဒေအကြံဉာဏ်နှင့် ဥပဒေ အထောက်အပံ့မျှဝေပေးသည့် ဥပဒေအထောက်အကူပြုစနစ်များကို  တည်ထောင်လျှက်ရှိကြသည်။ အရှေ့ဥရောပ၊ အာဖရိကနှင့် အာရှနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများတွင်လည်း နိုင်ငံအလိုက် ဥပဒေအထောက်အကူပြုစနစ်နှင့် ပတ်သက်သော ဥပဒေများကို ရေးဆွဲ ပြဋ္ဌာန်းလျှက်ရှိကြောင်း လေ့လာတွေ့ရှိရသည်။ ဥပဒေအထောက်အကူပြုစနစ်ကြောင့် ပဋိပက္ခနှင့် တင်းမာမှုများကို လျော့ကျ စေခြင်း၊ အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေးလျော့ကျစေခြင်း၊ ရာဇဝတ်မှုဖြင့် စွပ်စွဲခံရသူများ၊ ဆင်းရဲနွမ်းပါးသူများအား ဥပဒေနှင့်အညီ ထိရောက်သော ခုခံချေပပိုင်ခွင့်များရရှိစေခြင်း၊ လူမှုရေး တင်းမာမှုနှင့် အကြမ်းဖက်မှုတို့ကို လျော့နည်းစေရန် အထောက်အကူပြုနိုင်သည့်စနစ်ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါသည်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေး

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၇ တွင် “နိုင်ငံတော်သည် မည်သူကိုမဆိုအရာတွင် တန်းတူညီမျှမှုအခွင့်အရေးကို ရရှိစေရမည်၊ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာပေးရမည်” ဟု ပြဋ္ဌာန်းပါရှိပါသည်။

ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇၅ တွင်လည်း “ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူ တစ်ဦးဦးတွင် ဥပဒေနှင့်အညီ ခုခံချေပခွင့်ရှိစေရမည်” ဟူ၍ ပြဋ္ဌာန်းပါရှိပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇၆ တွင်လည်း “နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးနှင့် အများပြည်သူအကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ် ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည်းဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်း မပြုရ” ဟူ၍ ပြဋ္ဌာန်းပါရှိပါသည်။

မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာ စာတမ်း၏ အပိုဒ် ၇(က) လူတိုင်းသည် ခွဲခြားဆက်ဆံမှုမရှိဘဲ ဥပဒေရှေ့မှောက်၌ တန်းတူညီမျှ အခွင့်အရေးကို ရရှိကြသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်သော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗင့်ရှင်း အပိုဒ် ၄၀(က) ဥပဒေချိုးဖောက်မှုဖြင့် စွပ်စွဲခံရသော ကလေးသူငယ်များသည် ၎င်းတို့၏ အခွင့်အရေးကို လေးစားသော တရားစီရင်ရေးစနစ်တွင် မျှတစွာဆက်ဆံမှုနှင့် ဥပဒေအကူအညီကို ရပိုင်ခွင့်ရှိကြသည် ဟုဖော်ပြထားသည်။

နိုင်ငံရေးနှင့် ပြည်သူ့အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ်စာတမ်းတွင် လူတိုင်းသည် ပြစ်မှုဆိုင်ရာစွဲချက်နှင့်ပတ်သက်၍ ကာကွယ်ခုခံပိုင်ခွင့်ကို ရရှိရမည့်အပြင် ရှေ့နေခပေးရန် လုံလောက် သည့်နည်းလမ်းမရှိ၍ ငွေကြေးမတတ်နိုင်သည့် မည်သည့်အမှုကိစ္စများတွင်မဆို မလိုအပ်သဖြင့် တရားမျှတမှုအလို့ငှာ ၎င်းရပိုင်ခွင့်ရှိသည့် ဥပဒေအထောက်အကူပြုမှုကို ရပိုင်ခွင့်ရှိရမည်ဟု ပြဋ္ဌာန်း ထားပါသည်။

စီပွားရေးနှင့် လူမှုရေးကောင်စီ( The Economic and Social Council)၏ လက်အောက်၌ တာဝန်ထမ်းဆောင်နေသော ကုလသမဂ္ဂရာဇဝတ်မှုကော်မရှင်က ပြစ်မှုဆိုင်ရာတရားစီရင်ရေးစနစ်တွင် ဥပဒေအထောက်အကူပြုမှုကို ချည်းကပ်ရန်အလို့ငှာ ကုလသမဂ္ဂ၏ မူဝါဒများနှင့် လမ်းညွှန်မှုများကို ချမှတ်ခဲ့ကြပါသည်။

 

 

 

 

Close