ULAB Law - Burmese

ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေ
(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၀။)
၁၃၇၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်
(၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်)
[ ပြင်ဆင် : 26.05.2017 ]
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)
အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်
၁။ ဤဥပဒေကို ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေ ဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) ဥပဒေဆိုင်ရာအထောက်အကူ ဆိုသည်မှာ ဥပဒေဆိုင်ရာအထောက်အကူတောင်းခံခွင့် ရှိသူများအား ဤဥပဒေနှင့်အညီ ရှေ့နေငှားရမ်းပေးခြင်း၊ ဥပဒေဆိုင်ရာ အသိပညာပေးခြင်း၊ အကြံပေးခြင်း၊ အကူအညီ ပေးခြင်းနှင့် သတင်းအချက်အလက် ပေးခြင်းတို့ကို ဆိုသည်။
(ခ) ဥပဒေဆိုင်ရာအထောက်အကူတောင်းခံခွင့်ရှိသူများ ဆိုသည်မှာ ပြစ်မှုတစ်ခုခုဖြင့် စွပ်စွဲခြင်း၊ ထိန်းသိမ်းခြင်း၊ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း၊ အကျဉ်းချခြင်းခံရသည့် ဆင်းရဲနွမ်းပါးသူများ၊ ကလေး သူငယ်များ၊ အမျိုးသမီးများ၊ အထူးပြုစုစောင့်ရှောက်မှုလိုအပ်နေသူများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်း သူများ၊ ခုခံအားကျဆင်းမှုရောဂါ သို့မဟုတ် အခြားကူးစက်မြန်ရောဂါ ခံစားနေရသူများ၊ နိုင်ငံမဲ့များ၊ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူများ၊ နိုင်ငံခြားသားများ၊ ရွှေ့ပြောင်းနေထိုင်သူများ၊ ရွှေ့ပြောင်းလုပ်သားများ၊ ဒုက္ခသည်များ ကိုလည်းကောင်း၊ ပြစ်မှုကျူးလွန်ခံရခြင်းကြောင့် နစ်နာသူများကိုလည်းကောင်း၊ ထူးခြားသည့် အကြောင်းအရာ တစ်ခုခုကြောင့် အကူအညီတောင်းခံလာသည့် ပြစ်မှုနှင့်ဆိုင်သော သက်သေများကို လည်းကောင်း ဆိုသည်။
(ဂ) ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းတည်ထောင်သော ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ သို့မဟုတ် ခရိုင်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အသီးသီးကို ဆိုသည်။
(ဃ) ဥက္ကဋ္ဌ ဆိုသည်မှာ သက်ဆိုင်သည့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ဥက္ကဋ္ဌကို ဆိုသည်။
(င) ရှေ့နေ ဆိုသည်မှာ တရားလွှတ်တော်ရှေ့နေ သို့မဟုတ် အထက်တန်းရှေ့နေကို ဆိုသည်။
(စ) ဥပဒေဆိုင်ရာ အထောက်အကူပေးသူ ဆိုသည်မှာ ဥပဒေဆိုင်ရာ အထောက်အကူပေးသည့် ရှေ့နေ သို့မဟုတ် ရှေ့နေမဟုတ်သော ဥပဒေဆိုင်ရာအထောက်အကူပေးသူကို ဆိုသည်။
(ဆ) ဥပဒေဆိုင်ရာ အထောက်အကူပေးသည့်ရှေ့နေ ဆိုသည်မှာ ဥပဒေဆိုင်ရာ အကူအညီပေးရန် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တွင် ဆောင်ရွက်သောရှေ့နေ၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က တာဝန်ပေးအပ်သည့် ရှေ့နေ သို့မဟုတ် ငှားရမ်းသည့် ရှေ့နေကို ဆိုသည်။
(ဇ) ရှေ့နေမဟုတ်သော ဥပဒေဆိုင်ရာအထောက်အကူပေးသူ ဆိုသည်မှာ ဥပဒေဆိုင်ရာ အထောက်အကူပေးသည့် ရှေ့နေ၏ ကြီးကြပ်မှုဖြင့် အခမဲ့ဥပဒေ အကြံပေးခြင်းနှင့် ဥပဒေဆိုင်ရာအသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က တရားဝင်အသိအမှတ်ပြု၍ တာဝန်ပေးအပ်ထားသူ ကို ဆိုသည်။
(ဈ) ဆင်းရဲနွမ်းပါးသူ ဆိုသည်မှာ ပြစ်မှုဆိုင်ရာ မှုခင်းကိစ္စများတွင် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ရှေ့နေငှားရန် ငွေကြေးမပြည့်စုံကြောင်း ဤဥပဒေအရ သတ်မှတ်ခြင်းခံရသူကို ဆိုသည်။
(ည) ကလေးသူငယ် ဆိုသည်မှာ အသက် ၁၈ နှစ် မပြည့်သေးသောသူကို ဆိုသည်။
(ဋ) မသန်စွမ်းသူ ဆိုသည်မှာ မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာ တစ်ခု သို့မဟုတ် တစ်ခုထက် ပို၍ ချို့ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေရသူကို ဆိုသည်။
(ဌ) အသိအမှတ်ပြုအဖွဲ့အစည်း ဆိုသည်မှာ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီထားသည့် အဖွဲ့အစည်းကို ဆိုသည်။
<ပြင်ဆင် 26.05.2017>

အခန်း(၂)
ရည်ရွယ်ချက်
၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ဥပဒေဆိုင်ရာအထောက်အကူပေးရာတွင် ဥပဒေအရာ၌ မျှတမှုနှင့် တန်းတူညီမျှမှုအခွင့်အရေးများ ရရှိစေရန်၊
(ခ) ပြစ်မှုများတွင် ဥပဒေနှင့်အညီ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်တို့ကို ဆောင်ရွက်ရာ၌ နိုင်ငံတကာစံချိန်စံညွှန်းနှင့်ကိုက်ညီမှု၊ စိတ်ကောင်းစေတနာထားရှိမှုတို့ကို အခြေခံ၍ထိရောက်သည့်ဥပဒေဆိုင်ရာ အထောက်အကူရရှိစေရန်၊
(ဂ) ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းများကို အများပြည်သူ သိရှိနားလည်ကျင့်သုံးလာစေရေး အတွက် ပညာပေးဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရန်၊
(ဃ) ပြစ်မှုဆိုင်ရာဥပဒေပြဿနာများကို ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာပြီး တရားမျှတမှုရရှိစေခြင်းဖြင့် တရားဥပဒေစိုးမိုးမှုနှင့် တရားဥပဒေအပေါ် ယုံကြည်မှုပိုမိုမြင့်မားလာစေရန်၊
(င) ပြစ်မှုဆိုင်ရာ စုံစမ်းထောက်လှမ်းမှုနှင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်စဉ်ကာလအတွင်း ရဲအချုပ်နှင့် အကျဉ်း ထောင်များ၌ မလိုလားအပ်သော ဖမ်းဆီးချုပ်နှောင်သည့်ကာလ လျော့ကျစေရန်နှင့် ဥပဒေနှင့်မညီသော ဖမ်းဆီး ချုပ်နှောင်မှုများ ပပျောက်စေရန်၊
(စ) အမှုများကို မှန်မှန်နှင့် မြန်မြန်စီရင်ဆုံးဖြတ်နိုင်ရေးအတွက် အထောက်အကူပြုရန်၊
(ဆ) မှုခင်းကြိုတင်ကာကွယ်ရေးကို အထောက်အကူပြုစေရန်၊
(ဇ) ပယ်ဖျက်
<ပြင်ဆင် 26.05.2017>

အခန်း(၃)
အခြေခံမူများ
၄။ ဤဥပဒေ၏ အခြေခံမူများမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ပြစ်မှုဆိုင်ရာ တရားစီရင်ရေးတွင် အများပြည်သူက ယုံကြည်စိတ်ချရပြီး စဉ်ဆက်မပြတ် ထိရောက်စွာ အသုံးပြုနိုင်သော ဥပဒေဆိုင်ရာ အထောက်အကူပေးသည့်စနစ် ဖြစ်ပေါ်စေရေး၊
(ခ) ပြစ်မှုကျူးလွန်ခြင်းများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အများပြည်သူအား ဥပဒေဆိုင်ရာ ဗဟုသုတ တိုးပွားစေရန် ပညာပေးရေး၊
(ဂ) ပြစ်မှုနှင့် စွပ်စွဲခံရသူများ၊ တရားစွဲဆိုခံရသူများနှင့် ပြစ်ဒဏ်ချမှတ်ခြင်းခံနေရသူများကို ဥပဒေဆိုင်ရာ အထောက်အကူပေးရေး၊
(ဃ) ပြစ်မှုကျူးလွန်ခံရခြင်းကြောင့် နစ်နာသူများကို ဥပဒေဆိုင်ရာ အထောက်အကူပေးရေး၊
(င) ထူးခြားသည့် အကြောင်းအရာတစ်ခုခုကြောင့် အကူအညီတောင်းခံလာသည့် ပြစ်မှုနှင့်ဆိုင်သော သက်သေများကို ဥပဒေဆိုင်ရာအထောက်အကူပေးရေး၊
(စ) ဥပဒေဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသူများကို လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကိုးကွယ်ယုံကြည်မှု၊ အသက်အရွယ်၊ ကျား၊ မ၊ နိုင်ငံသားမခွဲခြားဘဲ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး၊
(ဆ) ပြစ်မှုဆိုင်ရာ တရားစီရင်ရေး လုပ်ငန်းအဆင့်ဆင့်တွင် မှန်ကန်မျှတ၍ ထိရောက်သော ဥပဒေဆိုင်ရာ အထောက်အကူပေးခြင်းကို ဆောလျင်စွာ ရရှိစေရေး၊
(ဇ) ဥပဒေဆိုင်ရာ အထောက်အကူပေးသည့် စနစ်နှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို အများ ပြည်သူ သိရှိစေရေး၊
(ဈ) ဥပဒေဆိုင်ရာအထောက်အကူပေးသူများကို ဥပဒေနှင့်အညီ လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိစေရေးနှင့် ယင်းတို့အား အကာအကွယ်ပေးရေး။
<ပြင်ဆင် 26.05.2017>

အခန်း(၄)
ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဖွဲ့စည်းခြင်း၊တာဝန်နှင့်လုပ်ပိုင်ခွင့်များ
၅။ ပြည်ထောင်စုတရားသူကြီးချုပ်သည် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

(က) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်တစ်ဦး၊ ဥက္ကဋ္ဌ
(ခ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးရာထူးအောက် မနိမ့်သော ကိုယ်စားလှယ်တစ်ဦး၊ အဖွဲ့ဝင်
(ဂ) ပြည်ထောင်စုရှေ့နေချုပ်မှ ရွေးချယ်တာဝန်ပေးအပ်သည့် ညွှန်ကြားရေးမှူး ရာထူးအောက်မနိမ့်သော ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ်တစ်ဦး၊ အဖွဲ့ဝင်
(ဃ) ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တာဝန်ပေးအပ်သည့် ညွှန်ကြား ရေးမှူး ရာထူးအောက်မနိမ့်သော ကိုယ်စားလှယ်တစ်ဦး၊ အဖွဲ့ဝင်
(င) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ရွေးချယ်တာဝန်ပေးအပ်သည့် ညွှန်ကြားရေးမှူး ရာထူးအောက်မနိမ့်သော ကိုယ်စားလှယ် တစ်ဦး၊ အဖွဲ့ဝင်
(စ) ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်တစ်ခုခုမှ ဥပဒေပါမောက္ခတစ်ဦး၊ အဖွဲ့ဝင်
(ဆ) လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းများနှင့် ပတ်သက်သည့် အတွေ့အကြုံ၊ ဗဟုသုတရှိသော ကိုယ်စားလှယ်နှစ်ဦး၊ အဖွဲ့ဝင်များ
(ဇ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက် သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးရာထူးအောက်မနိမ့်သော ကိုယ်စားလှယ်တစ်ဦး၊ အဖွဲ့ဝင်
(ဈ) တရားလွှတ်တော်ရှေ့နေများကောင်စီမှ အမည်စာရင်းတင်သွင်းသော တရား လွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၁၅နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သည့် ရှေ့နေလေးဦး၊ အဖွဲ့ဝင်
(ည) ပုဒ်မခွဲ (ဈ) ပါအဖွဲ့ဝင်လေးဦးအနက် ဥက္ကဋ္ဌကတာဝန်ပေးအပ်သူတစ်ဦး။ အတွင်းရေးမှူး
၆။ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်ကို ကြီးကြပ်ကွပ်ကဲခြင်းနှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းများအတွက် မူဝါဒချမှတ်ခြင်း၊
(ခ) ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံခွင့်ရှိသည့် ပြစ်မှုများကို သတ်မှတ်ခြင်း၊
(ဂ) ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်၏ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်း များ သတ်မှတ်ပေးခြင်း၊
(ဃ) ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များက ဝန်ဆောင်မှုပေးရာတွင် ဥပဒေနှင့် ညီညွတ်မှုရှိစေရန် ကြီးကြပ်ခြင်း၊
(င) အများပြည်သူတို့အား ဥပဒေရေးရာနှင့် တရားစီရင်ရေးဆိုင်ရာ အသိပညာပေးမှုများကို စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
(စ) ဥပဒေဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသူများကို ကူညီနိုင်ရန် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး နည်းလမ်းများ သတ်မှတ်ထားရှိခြင်းနှင့် ယင်းကိစ္စရပ်များကို အများပြည်သူသိရှိနိုင်ရန် အသိပညာပေးခြင်း၊
(ဆ) ဥပဒေဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသူများအား ဆင်းရဲနွမ်းပါးသူအဖြစ် မှတ်ယူရမည့်အချက် များကို သတ်မှတ်ခြင်း၊
(ဇ) ပြစ်မှုများနှင့်သက်ဆိုင်သည့် ပြင်ဆင်မှု၊ အယူခံမှုနှင့် အထွေထွေလျှောက်ထားမှုများတွင် ဥပဒေဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသူများအား ကူညီဆောင်ရွက်ခြင်း၊
(ဈ) ဥပဒေဆိုင်ရာ အထောက်အကူပေးသူများအတွက် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းတာဝန်များ သတ်မှတ် ခြင်းနှင့် ကြီးကြပ်ခြင်း၊
(ည) ဥပဒေအကူအညီပေးရေးလုပ်ငန်းလုပ်ဆောင်လိုသော အဖွဲ့အစည်းများက ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် လျှောက်ထားလာပါက အသိအမှတ်ပြုအဖွဲ့အစည်းအဖြစ် ခွင့်ပြုပေးနိုင်ရေးအတွက် လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ပေးခြင်း၊
(ဋ) အသိအမှတ်ပြု အဖွဲ့အစည်းများ၏ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ကြီးကြပ်ခြင်း၊
(ဌ) ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်တို့၏ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်း များကို ဥပဒေနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် အကူအညီများပေးခြင်း၊
(ဍ) ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ထူးခြားသောအခြေအနေကို ပြည်ထောင်စုတရားသူကြီးချုပ်သို့ အခါအားလျော်စွာ တင်ပြခြင်း။
<ပြင်ဆင် 26.05.2017>
၇။ ပြည်ထောင်စု ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့သည် လိုအပ်ပါက သုံးဦးထက်မပိုသော အကြံပေး ပုဂ္ဂိုလ်များကို ခန့်ထားနိုင်သည်။ ထိုပုဂ္ဂိုလ်များကို အစည်းအဝေးသို့ ပါဝင်တက်ရောက်ခွင့် ပြုနိုင်သော်လည်း မဲပေးခွင့်မပြုရ။

အခန်း(၅)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၈။ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားသူကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

(က) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင် တစ်ဦး ဥက္ကဋ္ဌ
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်မှ ဒုတိယ ညွှန်ကြားရေးမှူးရာထူးအောက် မနိမ့်သော ကိုယ်စားလှယ်တစ်ဦး၊ အဖွဲ့ဝင်
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးရာထူး အောက် မနိမ့်သော ကိုယ်စားလှယ်တစ်ဦး၊ အဖွဲ့ဝင်
(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးရာထူးအောက် မနိမ့်သော ကိုယ်စားလှယ်တစ်ဦး၊ အဖွဲ့ဝင်
(င) လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးလုပ်ငန်းများနှင့် စပ်ဆိုင်သည့် အတွေ့အကြုံ၊ ဗဟုသုတရှိသော ကိုယ်စားလှယ်နှစ်ဦး၊ အဖွဲ့ဝင်များ
(စ) လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာနမှူးတစ်ဦး၊ အဖွဲ့ဝင်
(ဆ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က သဘောတူညီသော တရားလွှတ်တော်ရှေ့နေအဖြစ်အနည်းဆုံး ၁၀ နှစ်အမှုလိုက်ပါ ဆောင်ရွက်ခဲ့ သည့် ရှေ့နေလေးဦး၊ အဖွဲ့ဝင်
(ဇ) ပုဒ်မခွဲ (ဆ) ပါအဖွဲ့ဝင်လေးဦးအနက် ဥက္ကဋ္ဌက တာဝန်ပေးအပ်သူတစ်ဦး။ အတွင်းရေးမှူး
၉။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ မှာ အောက်ပါအတိုင်းဖြစ်သည်-
(က) မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ အဆင့်ဆင့်သော ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များကို ကြီးကြပ်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ခ) အများပြည်သူတို့အား ဥပဒေရေးရာနှင့်တရားစီရင်ရေးဆိုင်ရာ အသိပညာပေးမှုများကိုစီမံချက် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
(ဂ) ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဥပဒေဆိုင်ရာ အထောက်အကူပေးသူ များ၊ လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းပါဝင်လာရန် ညှိနှိုင်းဆောင်ရွက် ခြင်း၊
(ဃ) ဥပဒေအကူအညီပေးရေး လုပ်ငန်းလုပ်ဆောင်လိုသော အဖွဲ့အစည်းများက ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် လျှောက်ထားလာပါက အသိအမှတ်ပြု အဖွဲ့အစည်းအဖြစ် ခွင့်ပြုပေးနိုင် ရေးအတွက် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုခြင်း၊
(င) အသိအမှတ်ပြုအဖွဲ့အစည်းများ၏ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ကြီးကြပ်ခြင်း၊
(စ) မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ အဆင့်ဆင့်သော ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များနှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးသူများအတွက် ချီးမြှင့်ငွေနှင့် စရိတ်များရရှိရန် စီစဉ်ဆောင်ရွက်ပေးခြင်း။
<ပြင်ဆင် 26.05.2017>

အခန်း(၆)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ သို့မဟုတ် ခရိုင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ
၁၀။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားသူကြီးချုပ်က ပုဒ်မ ၁၂ အရ ဖွဲ့စည်းပေးသော မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များအနက်-
(က) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်ပါက ယင်းတို့၏ဒေသဦးစီးအဖွဲ့ရုံးစိုက်သည့် မြို့နယ်ရှိ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အဖြစ် ပူးတွဲတာဝန်ယူဆောင်ရွက်ရမည်။
(ခ) အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ရုံးစိုက်သည့် မြို့နယ်ရှိ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သည် ခရိုင်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အဖြစ် ပူးတွဲတာဝန်ယူဆောင်ရွက်ရမည်။
<ပြင်ဆင် 26.05.2017>
၁၁။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥပဒေဆိုင်ရာအထောက်အကူ ပေးရေး အဖွဲ့ သို့မဟုတ် ခရိုင် ဥပဒေဆိုင်ရာအထောက် အကူပေးရေးအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါ အတိုင်းဖြစ်သည်-
(က) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင်အတွင်းရှိ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များကို ကြီးကြပ်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ခ) ဥပဒေဆိုင်ရာ အထောက်အကူပေးခြင်းကို အများပြည်သူ ယုံကြည်နားလည် လက်ခံလာစေရန် အသိပညာ ပေးဆွေးနွေးခြင်း၊
(ဂ) ဥပဒေဆိုင်ရာ အထောက်အကူပေးရာတွင် ဥပဒေဆိုင်ရာ အထောက်အကူပေးသူများ လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းပါဝင်လာရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ဃ) ဥပဒေအကူအညီပေးရေးလုပ်ငန်း လုပ်ဆောင်လိုသော အဖွဲ့အစည်းများက ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် လျှောက်ထားလာပါက စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ပြီး အသိအမှတ်ပြု အဖွဲ့အစည်းအဖြစ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုခြင်း၊
(င) အများပြည်သူတို့အား ဥပဒေရေးရာနှင့် တရားစီရင်ရေးဆိုင်ရာ အသိပညာပေးမှုများကို စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
(စ) အသိအမှတ်ပြုအဖွဲ့အစည်းများ၏ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ကြီးကြပ်ခြင်း၊
(ဆ) ပယ်ဖျက်
<ပြင်ဆင် 26.05.2017>

အခန်း(၇)
မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၁၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို အောက်ပါအတိုင်းဖွဲ့စည်းရမည်-

(က) မြို့နယ်အတွင်း အများကယုံကြည်လေးစားပြီး ဂုဏ်သတင်းရှိသော ဥပဒေပညာ တတ်ကျွမ်း နားလည်သူတစ်ဦး၊ ဥက္ကဋ္ဌ
(ခ) မြို့နယ်အတွင်း ဥပဒေဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်သည့် အတွေ့အကြုံရှိပြီး အများက ယုံကြည်လေးစားသည့် ဒေသခံနှစ်ဦး၊ အဖွဲ့ဝင်များ
(ဂ) လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ဥပဒေဆိုင်ရာ အထောက် အကူပေးရေးလုပ်ငန်းများနှင့် ပတ်သက်သည့် အတွေ့အကြုံ၊ ဗဟုသုတရှိသော ကိုယ်စားလှယ်တစ်ဦး၊ အဖွဲ့ဝင်
(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကသဘောတူညီသော အနည်းဆုံး ၃ နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သည့် ရှေ့နေတစ်ဦး။ အတွင်းရေးမှူး
၁၃။ မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) အများပြည်သူတို့အား ဥပဒေရေးရာနှင့်တရားစီရင်ရေးဆိုင်ရာ အသိပညာပေးမှုများကို စီမံချက်များရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
(ခ) ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းများကို အများပြည်သူ ယုံကြည်နားလည်လက်ခံလာစေရန် အသိပညာပေးဆွေးနွေးခြင်း၊
(ဂ) ဥပဒေဆိုင်ရာ အထောက်အကူပေးရာတွင် ဥပဒေဆိုင်ရာ အထောက်အကူပေးသူများ၊ လူမှုအဖွဲ့အစည်း များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းပါဝင်လာရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ဃ) ဥပဒေအကူအညီပေးရေးလုပ်ငန်းလုပ်ဆောင်လိုသော အဖွဲ့အစည်းများက ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် လျှောက်ထားလာပါက စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ပြီး အသိအမှတ် ပြုအဖွဲ့အစည်းအဖြစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုခြင်း၊
(င) ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တို့၏ လမ်းညွှန်ချက်များ၊ သတ်မှတ်ချက်များနှင့်အညီ ဥပဒေဆိုင်ရာ အထောက် အကူပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(စ) ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းများအလိုက် ပါဝင်ဆောင်ရွက်မည့် ဥပဒေဆိုင်ရာ အထောက် အကူပေးသူများအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ သဘော တူညီချက်ဖြင့် တာဝန်ပေးအပ်ခြင်းနှင့် ကြီးကြပ်ခြင်း၊
(ဆ) မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သို့ လစဉ်တင်ပြခြင်း၊
<ပြင်ဆင် 26.05.2017>

အခန်း(၈)
ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ အဖွဲ့ဝင်တို့၏ သက်တမ်းနှင့် အစားထိုးခန့်ထားခြင်း
၁၄။ (က) ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်၏ သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှ ငါးနှစ် ဖြစ်သည်။
(ခ) ရာထူးအလျောက် တာဝန်ပေးအပ်ထားသော နိုင်ငံ့ဝန်ထမ်းအဖွဲ့ဝင်များမှအပ ကျန်အဖွဲ့ဝင်တစ်ဦးသည် အဖွဲ့ဝင်အဖြစ် တစ်ဆက်တည်း နှစ်ကြိမ်ထက်ပို၍ တာဝန်ထမ်းဆောင်ခြင်းမပြုရ။
၁၅။ (က) ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်တွင် အဖွဲ့ဝင်နေရာ လစ်လပ်ပါက လစ်လပ် သည့် နေရာအလိုက် အစားထိုးခန့်အပ်နိုင်သည်။
(ခ) ထိုသို့ ဖြည့်စွက်ခန့်ထားခြင်းခံရသော အဖွဲ့ဝင်၏ သက်တမ်းသည် ကျန်ရှိသည့် ရာထူးသက်တမ်းကုန်ဆုံးချိန် အထိ ဖြစ်သည်။
၁၆။ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဝင်များသည် အောက်ဖော်ပြပါ အခြေအနေများပေါ်ပေါက်ပါက အဖွဲ့ဝင် အဖြစ်မှ ရပ်စဲစေရမည်-
(က) ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ သက်တမ်းကုန်ဆုံးခြင်း၊
(ခ) ဥက္ကဋ္ဌထံ စာဖြင့်ရေးသား၍ မိမိဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ကြောင်း တင်ပြခြင်း၊
(ဂ) အဖွဲ့ဝင်များထဲမှ အနည်းဆုံး သုံးပုံးနှစ်ပုံက အဖွဲ့ဝင်တစ်ဦးကို ဆက်လက်တာဝန်ပေးအပ်ရန် မသင့်လျော် ကြောင်း အကြောင်းပြချက်ဖြင့် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲရန် တင်ပြလာပါက-
(၁) ပြည်ထောင်စု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဝင်ဖြစ်ပါက လိုအပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး ခိုင်လုံသော အထောက်အထားတွေ့ရှိလျှင် ပြည်ထောင်စုတရားသူကြီး ချုပ်က အဖွဲ့ဝင်အဖြစ် မှရပ်စဲရန်ဆုံးဖြတ်ခြင်း၊
(၂) မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဝင်ဖြစ်ပါက လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ခိုင်လုံသော အထောက်အထားတွေ့ရှိလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်က အဖွဲ့ဝင်အဖြစ်မှရပ်စဲရန် ဆုံးဖြတ်ခြင်း၊
(ဃ) လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်း၊
(င) ဥပဒေအရ သတ်မှတ်သော ဆေးဘုတ်အဖွဲ့၏ စစ်ဆေးချက်အရ ကိုယ်စိတ်နှစ်ပါးအနက် တစ်ပါးပါးသည် ထာဝစဉ်ချွတ်ယွင်းသွားခြင်းကြောင့် တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်စွမ်းမရှိခြင်း၊
(စ) ကွယ်လွန်ခြင်း။

အခန်း(၉)
ဥပဒေဆိုင်ရာ အထောက်အကူရရှိရန် တောင်းခံခြင်းနှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးခြင်း
၁၇။ ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံခွင့်ရှိသူများသည် ဥပဒေဆိုင်ရာ အထောက်အကူရယူလိုပါက သက်ဆိုင်သည့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ တင်ပြတောင်း ခံနိုင်သည်။
၁၈။ သက်ဆိုင်သည့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သည် ပုဒ်မ ၁၇ အရ တင်ပြတောင်းခံချက်ကို လက်ခံရရှိသည့်အခါ-
(က) သတ်မှတ်ချက်များနှင့် ညီညွတ်ပါက လိုအပ်သော ဥပဒေဆိုင်ရာ အထောက်အကူပေးရန် ဆောင်ရွက်ရမည်။
(ခ) သတ်မှတ်ချက်များနှင့် ညီညွတ်မှုမရှိလျှင် ကျိုးကြောင်းဖော်ပြ၍ ဥပဒေဆိုင်ရာ အထောက်အကူပေးရန် ငြင်းဆိုနိုင်သည်။
၁၉။ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (ခ) အရ ငြင်းဆိုခြင်းခံရလျှင် ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံခွင့် ရှိသူများသည် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အဆင့်ဆင့်ထံ တင်ပြတောင်းခံနိုင်သည်။

အခန်း(၁၀)
ဥပဒေဆိုင်ရာ အထောက်အကူပေးသူ သို့မဟုတ် အသိအမှတ်ပြု အဖွဲ့အစည်းအဖြစ် လျှောက်ထားခြင်းနှင့် တာဝန်ပေးအပ်ခြင်း
၂၀။ ရှေ့နေများသည် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များတွင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ရှေ့နေအဖြစ် တာဝန်ပေးရန် သတ်မှတ်ချက်များနှင့်အညီ တင်ပြလျှောက်ထားနိုင်သည်။
၂၁။ အောက်ပါပုဂ္ဂိုလ်များသည် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များတွင် ရှေ့နေမဟုတ်သော ဥပဒေဆိုင်ရာ အထောက်အကူပေးသူအဖြစ် တာဝန်ပေးရန် သတ်မှတ်ချက်များနှင့်အညီ တင်ပြလျှောက်ထားနိုင် သည်-
(က) အစိုးရအသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုတွင် ဥပဒေပညာသင်ယူနေသူနှင့် ယင်းတက္ကသိုလ်တစ်ခုခုမှ ဥပဒေ ဘွဲ့ရရှိပြီးသူ၊
(ခ) ဥပဒေဘွဲ့ မရရှိသော်လည်း တရားစီရင်ရေးလုပ်ငန်း၊ ဥပဒေနှင့်သက်ဆိုင်သော လုပ်ငန်း သို့မဟုတ် ရုံးဌာနများတွင် အတွေ့အကြုံရှိသူ။
၂၂။ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီထားသည့် အဖွဲ့ အစည်းတစ်ခုခုသည် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းများတွင် အသိအမှတ်ပြု အဖွဲ့အစည်း အဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ရန် သက်ဆိုင်သည့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သို့ သတ်မှတ်ချက် များနှင့်အညီ လျှောက်ထားနိုင်သည်။
၂၃။ သက်ဆိုင်သည့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သည် ပုဒ်မ ၂၂ အရ လျှောက်ထားချက်ကို စိစစ်ပြီး သက်ဆိုင်သည့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အဆင့်ဆင့်သို့ သဘောထားမှတ်ချက်ဖြင့် တင်ပြ ရမည်။
၂၄။ ဥပဒေဆိုင်ရာ အထောက်အကူပေးသူနှင့် အသိအမှတ်ပြု အဖွဲ့အစည်းများသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်နှင့် ဥပဒေဆိုင်ရာ အထောက်အကူပြုရေးအဖွဲ့များ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။

အခန်း(၁၁)
ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းများ
၂၅။ ဥပဒေဆိုင်ရာ အထောက်အကူပေးသူသည် ထိန်းသိမ်းခြင်း သို့မဟုတ် ဖမ်းဆီးခြင်းခံရသူနှင့် ပတ်သက်၍ -
(က) ရဲစခန်း သို့မဟုတ် အခြားတစ်နေရာ၌ ထိန်းသိမ်းခြင်း သို့မဟုတ် ဖမ်းဆီးခြင်း ခံရသူ၏ မိသားစုများကို အသိပေးအကြောင်းကြားခြင်းနှင့် လိုအပ်ပါက ဤဥပဒေနှင့်အညီ ဥပဒေဆိုင်ရာ အထောက်အကူပေးနိုင်ရန် ဆောင်ရွက်ရမည်။
(ခ) တရားရုံးတွင် ချုပ်မိန့် တောင်းခံသည့်အခါတွင်ဖြစ်စေ၊ ချုပ်မိန့်ဖြင့် ဆက်လက်ချုပ်နှောင်ခံရသည့်အခါတွင် ဖြစ်စေ ခုခံချေပနိုင်ရေးအတွက် ဥပဒေဆိုင်ရာ အထောက်အကူပေးရမည်။
(ဂ) တရားစွဲတင်မည့် ရဲတပ်ဖွဲ့ သို့မဟုတ် သက်ဆိုင်ရာအဖွဲ့အစည်းက စုံစမ်းစစ်ဆေးရာတွင်ဖြစ်စေ၊ စိစစ် ဆောင်ရွက် ရာတွင်ဖြစ်စေ ခုခံချေပနိုင်ရေးအတွက် ဥပဒေဆိုင်ရာ အထောက်အကူပေးရမည်။
(ဃ) တရားရုံးတွင် အမှုစစ်ဆေးဆဲ ကာလအတွင်း လိုအပ်သော ဥပဒေဆိုင်ရာ အထောက်အကူပေးရမည်။
၂၆။ ဥပဒေဆိုင်ရာ အထောက်အကူပေးသူသည် ပြစ်ဒဏ်ချမှတ်ခံရသော တရားခံနှင့်ပတ်သက်၍-
(က) အယူခံမှု၊ ပြင်ဆင်မှုနှင့် အထွေထွေလျှောက်ထားမှုများတွင် လိုအပ်သော ဥပဒေဆိုင်ရာ အထောက်အကူ ပေးရမည်။
(ခ) အချုပ်စခန်း၊ အကျဉ်းထောင် သို့မဟုတ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ရေးနှင့် သက်မွေးပညာသင် စခန်းများသို့ အပို့ခံရသူများရထိုက်သည့် သက်သာခွင့် အရပ်ရပ်အတွက် ဥပဒေဆိုင်ရာ အထောက်အကူပေး ရမည်။
၂၇။ ဥပဒေဆိုင်ရာ အထောက်အကူပေးသူသည် စွပ်စွဲခြင်း၊ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း၊ အကျဉ်းချခြင်း ခံရသူနှင့်ပတ်သက်၍-
(က) နိုင်ငံသားဖြစ်သော်လည်း ဆက်သွယ်ပြောဆိုရာ၌ ဘာသာစကား အခက်အခဲရှိလျှင် ဘာသာစကား နားလည်သူမှတစ်ဆင့် ဆောင်ရွက်ရမည်။
(ခ) နိုင်ငံခြားသားဖြစ်လျှင် ဥပဒေဆိုင်ရာ အထောက်အကူရရှိနိုင်ကြောင်း စကားပြန်မှတစ်ဆင့် ရှင်းလင်းပြောကြားခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် သက်ဆိုင်ရာကောင်စစ်ဝန်ရုံး သို့မဟုတ် သံရုံးသို့ နှောင့်နှေးမှုမရှိဘဲ အကြောင်းကြားခြင်းပြုရမည်။
(ဂ) မသန်စွမ်းသူဖြစ်လျှင် ၎င်း၏ ကိုယ်အမူရာ သို့မဟုတ် ခြေဟန်၊ လက်ဟန်၊ လက်သင်္ကေတပြ ဘာသာစကား၊ လက်စမ်းစာပေကို နားလည်သိရှိသူမှတစ်ဆင့် ဆောင်ရွက်ရမည်။
<ပြင်ဆင် 26.05.2017>
၂၈။ ဥပဒေဆိုင်ရာ အထောက်အကူပေးရာတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မထိခိုက်စေရန်လည်းကောင်း၊ ဥပဒေနှင့်အညီ ရပိုင်ခွင့်များ မဆုံးရှုံးစေရန်လည်းကောင်း အလေးထား ဆောင်ရွက်ရမည်။
၂၉။ ဥပဒေဆိုင်ရာ အထောက်အကူပေးရာတွင် ထူးခြားသည့် အကြောင်းအရာတစ်ခုခုကြောင့် အကူအညီ တောင်းခံလာသည့် ပြစ်မှုနှင့်ဆိုင်သော သက်သေကို ဥပဒေဆိုင်ရာ အထောက်အကူပေးရမည်။
၃၀။ ဥပဒေဆိုင်ရာ အထောက်အကူပေးသူများသည် မိမိဆောင်ရွက်သော ဥပဒေဆိုင်ရာ အထောက်အကူပြုခြင်း ကိစ္စရပ်များကို သက်ဆိုင်ရာ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အဆင့်ဆင့်သို့ သတ်မှတ်ချက်များနှင့် အညီ တင်ပြရမည်။
၃၁။ ဥပဒေဆိုင်ရာ အထောက်အကူပေးသူများသည် ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံခွင့်ရှိသူများအနက် ကလေးသူငယ်၊ မသန်စွမ်းသူ၊ အမျိုးသမီး၊ ခုခံအားကျဆင်းမှုရောဂါနှင့် အခြားကူးစက်မြန်ရောဂါ ခံစားနေရသူများကို ဥပဒေဆိုင်ရာ အထောက်အကူရရှိရန် ဦးစားပေးဆောင်ရွက်ရမည်။
<ပြင်ဆင် 26.05.2017>
၃၂။ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သည် ဥပဒေဆိုင်ရာ အထောက်အကူပေးရန် ဆုံးဖြတ်ပါက တရားစွဲမတင်မီနှင့် တရားစွဲတင်ပြီးနောက် မူလရုံးတွင်ဖြစ်စေ၊ အထက်ရုံးအဆင့်ဆင့်တွင်ဖြစ်စေ စွပ်စွဲခံရသူ၊ ပြစ်မှုကျူးလွန်ခံရခြင်းကြောင့် နစ်နာသူနှင့် ပြစ်မှုနှင့်သက်ဆိုင်သော သက်သေများအတွက် ဥပဒေဆိုင်ရာ အထောက်အကူပေးရန် ဥပဒေဆိုင်ရာ အထောက်အကူပေးသူတစ်ဦးဦးအား တာဝန်ပေးခန့်အပ်ရမည်။ စွပ်စွဲ ခံရသူတစ်ဦးထက်ပိုပါက လိုအပ်လျှင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို ခန့်အပ်တာဝန်ပေးနိုင် သည်။

အခန်း(၁၂)
ဘဏ္ဍာရေး
၃၃။ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သည် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်အတွက် လိုအပ်သော ဘဏ္ဍာငွေအရ အသုံးစာရင်းများကို ပြည်ထောင်စု၏ နှစ်စဉ်ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်းတင်ပြနိုင်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်ပြရမည်။
၃၄။ (က) ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သည် ပြည်ပမှပုဂ္ဂိုလ် သို့မဟုတ် တရားဝင် အဖွဲ့အစည်းများ၏ လှူဒါန်းငွေများ သို့မဟုတ် ပစ္စည်းများကိုလည်းကောင်း၊ ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေး အဖွဲ့အဆင့်ဆင့်သည် ပြည်တွင်းမှပုဂ္ဂိုလ် သို့မဟုတ် တရားဝင်အဖွဲ့အစည်းများ၏ လှူဒါန်းငွေများ သို့မဟုတ် ပစ္စည်းများကိုလည်းကောင်း စိစစ်လက်ခံနိုင်သည်။
(ခ) လက်ခံရရှိသော အလှူငွေနှင့် ပစ္စည်းများအား အဆင့်ဆင့်တင်ပြပြီး အဖွဲ့ပိုင်စာရင်း၌ လုပ်ထုံးလုပ်နည်းနှင့် အညီ ထည့်သွင်းဖော်ပြရမည်။
၃၅။ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်သည်-
(က) ဘဏ္ဍာငွေသုံးစွဲရာတွင် တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ သုံးစွဲပြီးစာရင်းဇယားမှတ်တမ်း များကို စေတနာရှင်နှင့် အများပြည်သူတို့ ထင်သာမြင်သာ ရှိစေရန် ဆောင်ရွက်ရမည်။
(ခ) သက်ဆိုင်ရာ စာရင်းရုံး၏ သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးမှုကို ခံယူရမည်။
၃၆။ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အဆင့်ဆင့်တွင် တာဝန်ပေးအပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်း မဟုတ်သော ပုဂ္ဂိုလ်များ၊ ယင်းအဖွဲ့၏ အကြံပေးပုဂ္ဂိုလ်များ၊ ဥပဒေဆိုင်ရာ အထောက်အကူ ပေးသူများအတွက် ချီးမြှင့်ငွေနှင့် စရိတ်များကို ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ သဘောတူညီချက်ဖြင့် သတ်မှတ်ပေးရမည်။

အခန်း(၁၃)
ဥပဒေအထောက်အကူပေးသူများအား ကြီးကြပ်ခြင်း
၃၇။ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သည်-
(က) ဥပဒေဆိုင်ရာ အထောက်အကူပေးသူများနှင့် စပ်လျဉ်း၍ ဥပဒေ အထောက်အကူပေးသူများအား အသိ အမှတ်ပြုလွှာ ပေးအပ်ရာတွင် လိုအပ်သော စည်းကမ်းချက်များ သတ်မှတ်ထားရှိရမည်။
(ခ) ဥပဒေဆိုင်ရာ အထောက်အကူပေးသူများက ဥပဒေအထောက်အကူတောင်းခံသူများထံမှ အခကြေးငွေ သို့မဟုတ် အကျိုးအမြတ် တစ်စုံတစ်ရာ တောင်းခံခြင်းမရှိစေရန် ကြီးကြပ်ရမည်။
(ဂ) ဥပဒေဆိုင်ရာအထောက်အကူပေးသူများကို အဂတိလိုက်စားမှုမရှိစေရန် ကြီးကြပ်ရမည်။
(ဃ) ဥပဒေဆိုင်ရာ အထောက်အကူပေးသူများက ပုဒ်ခွဲ (က)၊ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မခွဲ (ဂ) တို့ပါ အချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်သည်ဟု သတင်းရရှိလျှင် ထိုသူအား ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့က တာဝန်ပေးအပ်သော ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အဆင့်ဆင့်မှ ပုဂ္ဂိုလ်သုံးဦး ပါဝင်သည့် အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးတင်ပြစေရမည်။
(င) ပုဒ်မခွဲ (ဃ) ပါစုံစမ်းစစ်ဆေးပေါ်ပေါက်ချက်အရ ယင်းဥပဒေဆိုင်ရာ အထောက်အကူပေးသူအား အရေးယူနိုင်ရန် ဆောင်ရွက်ရမည်။
<ပြင်ဆင် 26.05.2017>

အခန်း(၁၄)
အထွေထွေ
၃၈။ တရားရုံး၊ ဥပဒေရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနနှင့် တရားစွဲအဖွဲ့အစည်းများသည် ဥပဒေ ဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသူများအတွက် ဥပဒေဆိုင်ရာ အထောက်အကူရရှိရန် သက်ဆိုင်ရာ ဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရမည်။
၃၉။ ဥပဒေဆိုင်ရာ အထောက်အကူပေးသူများသည် မိမိကိုယ်ကျိုးအတွက်ဆောင်ရွက်ခြင်း၊ လုပ်ငန်းဆိုင်ရာ စည်းကမ်းဖောက်ဖျက်ခြင်းနှင့် တရားနည်းလမ်းတကျ ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုကြောင်း ပေါ်ပေါက်လျှင် သတ်မှတ်ချက်များနှင့်အညီ စုံစမ်းစစ်ဆေး အရေးယူခြင်းခံရမည်။
<ပြင်ဆင် 26.05.2017>
၄၀။ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သည် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့အဆင့်ဆင့်အတွက် လိုအပ်သည့် ဝန်ထမ်းဖွဲ့စည်းပုံရေးဆွဲတင်ပြ၍ ပြည်ထောင်စုတရားသူကြီး ချုပ်မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းဆောင်ရွက်နိုင်သည်။
<ပြင်ဆင် 26.05.2017>
၄၁။ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တွင် ဤဥပဒေနှင့်အညီ ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေး လုပ်ငန်းတာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းမဟုတ်သူကို ရာဇသတ်ကြီး ပုဒ်မ ၂၁ အရ ပြည်သူ့ ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။
၄၂။ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများသည် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်က ဤဥပဒေအရ လိုအပ်သော အကူအညီများ တောင်းခံလာလျှင် အကူအညီပေးရမည်။
၄၃။ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သည် ဆင်းရဲနွမ်းပါးသူများ၊ ကလေးသူငယ်များ၊ အမျိုးသမီး နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့်စပ်လျဉ်း၍ လိုအပ်လျှင်စာချွန်တော်အမိန့် လျှောက်ထားရာ၌ အကူအညီပေးရမည်။
၄၄။ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သည် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့အဆင့်ဆင့်၏ လုပ်ငန်းများကို စိစစ်သုံးသပ်နိုင်ရန် ယင်းတို့ထံမှ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများကို တောင်းယူနိုင်သည်။
၄၅။ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သည် ဥပဒေအထောက်အကူ ပေးရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့ထံ ခြောက်လ တစ်ကြိမ် တင်ပြရမည်။
၄၆။ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အဆင့်ဆင့်သည် အစည်းအဝေးများကို သတ်မှတ်ချက်များနှင့် အညီ ကျင်းပရမည်။
၄၇။ ဤဥပဒေသည် မိမိတို့အစီအစဉ်ဖြင့် ဥပဒေအကူအညီပေးရေးလုပ်ငန်း လုပ်ဆောင်နေသော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အဟန့်အတားမဖြစ်စေရ။
<ပြင်ဆင် 26.05.2017>
၄၈။ ဤဥပဒေပါ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-
(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။
(ခ) ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
<ပြင်ဆင် 26.05.2017>
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Close